ကရင့်အမျိုးသားအလံတော်အကြောင်း

၁၉၃၀ ခုနှစ်မှ ၁၉၄၀ ခုနှစ်အတွင်း ဒေါကလုအသင်းကြီးမှ လွှတ်တော် အမတ်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် ကရင့်အမျိုးသားနှစ်သစ်ကူး၊ ကရင့်အမျိုးသားသီချင်း၊ ကရင့်အမျိုးသားအလံတော်အား နိုင်ငံတော်မှ အသိ အမှတ်ပြုပြီးဖြစ်သည်။ ထိုအချိန်တွင် ဒေါကလုအသင်းကြီး၏ဥက္ကဋ္ဌမှာ ဆရာ စံဘော် ဖြစ်သည်။ ကရင့်အမျိုးသားအလံတော် ပေါ်ပေါက်လာစေရန်နှင့် ကရင်တစ်မျိုးသားလုံး သဘောတူလေးစားအသိအမှတ်ပြု တန်ဖိုးထားရန် ကရင်အမျိုးသားအလံတော်ပုံစံ ဒီဇိုင်းပြိုင်ပွဲတစ်ရပ်ကို ကျင်းပပြီး ၄င်းတို့ထဲမှ အကောင်းဆုံးတစ်ခု ကို ရွေးချယ်ရန် အတည်ပြုခုဲ့ရာ အနယ်နယ် အရပ်ရပ်မှ ကရင့်အမျိုးသားအလံတော်ပုံစံဒီဇိုင်း တစ်ရာကျော် လက်ခံရရှိခဲ့သည်။ ၄င်းတို့ထဲမှ (၁၂) ခု ကို စကာတင် ရွေးချယ်နိုင်ခဲ့သည်။ ၄င်းအလံ (၁၂) ခု ထဲမှ (၃)ခု ကို ဆက်လက် ရွေးချယ်ခဲ့ပြန်သည်။ ၄င်း(၃) ခု ထဲမှ နောက်ဆုံးတစ်ခုကို ရွေးချယ် ရာ ဝန်ကြီးမန်းဘခင် တင်ပြသည့် ဖားစည်ပါသည့်အလံကို ရွေးချယ်ခဲ့သည်။ ဒုတိယ ရွေးချယ်ခံရသော ဆရာမိုးလို၏အလံမှာ နေရောင်ထွက်လာသော ပုံစံ ပါရှိပြီး၊ တတိယရွေးချယ်ခံရသော ဒေါက်တာဘစောဒွေး၏အလံမှာ ဆင်ဖြူ တစ်ကောင် ပါရှိသည်။ အလံ(၃)ခု၏ အဓိပ္ပာယ်များကို လေ့လာဖော်ထုတ်ပြီး နောက် ဝန်ကြီးမန်းဘခင် တင်ပြသော အလံအား ပထမအဖြစ် ရွေးချယ်ခဲ့ကြ သည်။ ဝန်ကြီးမန်းဘခင် တင်ပြသော အလံပုံစံအား တစ်နိုင်ငံလုံးရှိ ခေါင်းဆောင် များထံ အတည်ပြုရန် တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ထိုအလံအား ကရင် တစ်မျိုးသားလုံး၏ အမျိုးသားအလံတော်အဖြစ် အသိအမှတ် ပြုခဲ့ပြီး ယနေ့ ထိတိုင် အသုံးပြုလျက်ရှိသည်။

ဝန်ကြီးမန်းဘခင်ရှင်းပြသော ကရင်အမျိုးသားအလံတော်တွင် ပါရှိ ချက်နှင့် အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကရင့်အမျိုးသားအလံတော် အကျယ်-အရှည်(အကျယ်အဝန်း)

ကေအဲန်ယူ- ကရင့်အမျိုးသားအလံတော် အပြည့်အစုံ (Standard Size) အလျား၊ အနံမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Length(အလျား)-၉ပေ (၁၀၈ လက်မ)

  • Breadth (အနံ)-၅ပေ (၆၀ လက်မ)

National Flag

ကရင့်အမျိုးသားအလံတော်အရောင် သုံးရောင်ခြယ်။

  • ထိပ်ဆုံးတွင်ရှိသောအရောင်မှာ အနီရောင် (Crimson Red) ဖြစ်သည်။

  • အလယ်တွင်ရှိသောအရောင်မှာ အဖြူရောင် (White) နှင့်

  • အောက်ဆုံးတွင်ရှိသောအရာင်မှာ အပြာရောင် (Navy Blue) တို့ဖြစ်သည်။